ကော်ဖီတောင်သူများနှင့် တစ်ပိုင်တစ်နိုင်ကော်ဖီထုတ်လုပ်သူများသို့ ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုသင်တန်း (Financial Literacy) ပေးခြင်း

မြန်မာနိုင်ငံကော်ဖီအသင်းသည် GIZ-SAFI နှင့် GIZ-BFSD တို့ ပူးတွဲဆောင်ရွက်သည့် ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှု (Financial Literacy) ဆရာဖြစ်သင်တန်း (Training of Trainer- TOT) အစီအစဉ်အား GIZ-SAFI ၏ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် ဆောက်ရွက်ခဲ့ပါသည်။
၄င်းအစီအစဉ်အရ ငွေကြေးဆိုင်ရာနားလည်တတ်ကျွမ်းမှု (Financial Literacy)သင်တန်း လေ့ကျင့် သင်ကြားမှုများကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အတွင်းရှိ ကော်ဖီစိုက်တောင်သူများသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ လည်းကောင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်တောင်သူများနှင့် တစ်ပိုင် တစ်နိုင်ထုတ်လုပ်သူများသို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက် မှ ၃၁ ရက် နေ့အထိ လည်းကောင်း၊ သြဂုတ်လ ၁၈ ရက် နေ့မှ ၂၁ ရက်နေ့အထိလည်းကောင်း စုစုပေါင်းသင်တန်း (၉) ကြိမ် ပြုလုပ်ခဲ့ရာ သင်တန်းသား (၁၂၆) ဦး တက်ရောက် ခဲ့ကြပါသည်။ သင်တန်းများကို GIZ-SAFI ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံကော်ဖီအသင်းမှ စီစဉ်ပြီး ဆရာများ၏ လေ့ကျင့်သင်ကြားမှုများကို သင်တန်းတာ၀န်ခံ GIZ-BFSD မှ ဒေါ်ကြည်သာမော်မှ အနီးကပ် ကြီးကြပ်၍ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းသို့ မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဌ ဦးမျိုးအေးမှလည်း လာရောက် ကြည့်ရှု အားပေးခဲ့ပါသည်။
ငွေကြေးဆိုင်ရာနားလည်တတ်ကျွမ်းမှု (Financial Literacy)သင်တန်းသို့ တက်ရောက်ခြင်းဖြင့် ကော်ဖီ စိုက်တောင်သူများသည် မိမိတို့ထည့်၀င်ရင်းနှီးခဲ့သည့် ကုန်ကျစရိတ်များ၊ ၀င်ငွေများကို စနစ်တကျ တွက်ချက် နိုင်ပြီး၊ အရှုံး/အမြတ်များကိုပါ သိရှိနိုင်ကာ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည် တိုးတက်လာမည်ဖြစ်ပါသည်။ နှစ်ရှည်သီးနှံများအတွက် သာမက ရာသီပေါ်သီးနှံများအတွက်လည်း လအလိုက်ကုန်ကျစရိတ်များကို တွက်ချက် နိုင်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေပါသည်။ ၄င်းအပြင် တစ်ပိုင်တစ်နိုင် ကော်ဖီထုတ်လုပ်သူများအတွက်လည်း ထုတ်လုပ်သည့်ကုန်ကျစရိတ်များကို တွက်ချက်နိုင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်နိုင်မှုများကို အဆင့်အလိုက် သိရှိနားလည်ပြီး မိမိလုပ်ဆောင်နိုင်မှုများကို သေချာစွာစဉ်းစားဆုံးဖြတ် နိုင်မည်ဖြစ်ပါသည်။
ဇူလိုင်လနှင့် သြဂုတ်လအတွင်းပြုလုပ်သည့် သင်တန်းများတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်သန့် ဆေးရည်အသုံးပြုခြင်းနှင့် တစ်ဦးနှင့်တစ်ဦးခြား၍ ထိုင်စေခြင်းတို့ကို ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံး ပါသည်။ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် တက်ရောက်သူများ၏ ဖုန်းနံပါတ်များ မှတ်တမ်းတင်ခြင်းကိုလည်း ဆောင်ရွက် ထားရှိပါသည်။
လေ့ကျင့်သင်ကြားမှုတွင် ပြီးမြောက်အောင်မြင်သည့် မြန်မာနိုင်ငံကော်ဖီအသင်းမှ သင်တန်းဆရာများ ဖြစ်ကြသော ဦးမျိုးသက်ထွန်း၊ ဒေါ်စိုးသဥၙာအောင်နှင့် ဒေါ်ဇင်မာဖြိုးတို့အား GIZ-BFSD မှ သင်တန်းတာ၀န်ခံ ဒေါ်ကြည်သာမော်မှ သင်တန်းဆရာဖြစ်မြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ နာယက ဦး၀င်းအောင်ကျော် နှင့် ဦးမောင်နု၊ ဒုတိယ-ဥက္ကဌ ဒေါ်စုစုအောင်နှင့် ရွာငံမြို့နယ်ကော်ဖီ အသင်းဥက္ကဌ ဦးမောင်နုတို့ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Financial Literacy Training အား တက်ရောက်ခဲ့သော သင်တန်းသား/ သူအချို့၏ စကားသံများ

ဦးမျိုးသက်ထွန်း (ToT သင်တန်းဆရာ)

သူ့အနေဖြင့် ငွေရေးကြေးရေး ပိုင်းဆိုင်ရာ နှင့်ပက်သက်၍ သင်မည့် သင်တန်း ဖြစ်သည် ဟု သိရ၍ စိတ်ဝင်စားခဲ့ပါသည်။ တကယ်တမ်း တက်ရောက်ခဲ့ချိန်တွင် တောင်သူများအတွက် ဖြစ်ကြောင်း၊ နောက်တစ်ချက် အနေဖြင့် TOT များအနေဖြင့် တောင်သူများအား ဗဟုသုတ ပြန်လည် ဖြန့်ဖြူး ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် သိရှိလာခဲ့ရပါသည်။ TOT တစ်ယောက် အနေဖြင့် များပြားလှသည့် သင်တန်းများအတွက် အခြား TOT များ မသွားရောက်နိုင်သည့် အချိန်တွင် အစားထိုး၍ သွားရောက်ပေးခဲ့ ပါကြောင်း၊ သင်တန်းများ ပြီးဆုံးချိန်တွင် သင်တန်း တက်ရောက်လာသော တောင်သူများ၊ သင်တန်းသားများထံမှ သူတို့၏ လိုအပ်ချက်များ ကို လေ့လာ သိရှိခွင့်ရ၍ အကျိုး ရှိခဲ့ပါကြောင်းနှင့် သင်တန်းသားများနှင့် ပျော်ရွှင်စွာ စကားပြော ဆွေးနွေးခွင့် ရရှိ ခဲ့သည်မှာ လည်းအမှတ်တရ ဖြစ်ခဲ့ပါကြောင်း စသည်ဖြင့် သူ၏ အတွေ့အကြုံများအား မျှဝေခဲ့ပါသည်။ သင်တန်း နှင့် ပက်သက် ၍ အကြံပေးလိုသည်မှာ ငွေကြေးနှင့် ပက်သက်သည့် သင်တန်းဖြစ်၍ တောင်သူများ လိုက်မှီနိုင်မည့် သင်ရိုးများ ဖြစ်သင့်ပါကြောင်း၊ ကော်ဖီနှင့် ပက်သက်၍ ငွေကြေးသင်တန်းပေးမည် ဖြစ်ရာ ကော်ဖီ အကြောင်း ကျောရိုးကို သိနားလည်ထားလျှင် ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း နှင့် ဥပမာ အနေဖြင့် ရွာငံ မြို့နယ်တွင် သင်တန်းပေးမည်ဟု ဆိုပါက ရွာငံရှိတောင်သူများ၏ အခြေအနေကို အရင်လေ့လာ၍ သင်ရိုးများကို ပြင်ဆင်သင့် ပါကြောင်းနှင့် ယခု သင်တန်းအတွက်လုပ်ဆောင်မှု များမှာ အဆင်ပြေသော်လည်း အားနည်းမှုအချို့ ရှိနေသေး ကြောင်း အကြံပြု ပြောကြားခဲ့ပါသည်။

မဖြူဖြူသက် (သင်တန်းသူ)

သူမအနေဖြင့် ယခု လုပ်ကိုင်နေသော ကော်ဖီလုပ်ငန်း အတွက် စာရင်းအင်းနှင့် ပက်သက်၍ ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် နှင့် ဦးစီးလုပ်ဆောင်နိုင်မည့် အရည်အချင်း များ တိုးတက်လာစေရန် ရည်ရွယ်၍ Financial Literacy သင်တန်း အားတက်ရောက်ခဲ့ ခြင်းဖြစ်ပါသည်။ သင်တန်းကို တက်ရောက်ရခြင်း မှာ သူမအတွက် အထောက်အကူ အများကြီး ရရှိခဲ့ပါကြောင်း၊ ကော်ဖီလုပ်ငန်း၏ စာရင်းအင်းနှင့် ပက်သက်၍ မသိနားမလည်ရာမှ စာရင်းဇယားနှင့် ပြုလုပ်ခြင်းကြောင့် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည်အား သိရှိခဲ့ရ ပါကြောင်း၊ မိမိလုပ်ငန်း၏ အရှုံးအမြတ် များကို စာရင်းဇယားဖြင့် တိကျစွာ လုပ်နိုင်ခဲ့ကြောင်း စသည့် အကျိုး ကျေးဇူးများ ရရှိခဲ့ပါသည်။ အကြံပြုချက်အနေဖြင့် နယ်ဘက်တွင် ယခုကဲ့သို့ သင်တန်းများ ထပ်မံပေးနိုင်ပါရန် အကြံပေးလိုကြောင်း ဖြေကြားခဲ့ပါသည်။

ဦးကြည်ဇော် (သင်တန်းသား)

            ကော်ဖီလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးအနေဖြင့် ယခုပြုလုပ်မည့် Financial Literacy သင်တန်းအား တက်ရောက်သင့်ကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ သတင်းပေး၍ တက်ရောက်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်း တက်ရောက်ရသည့်အတွက် ယခင်က မသိခဲ့သော အကြောင်းအရာများ သိရှိခဲ့ရခြင်းနှင့် ဗဟုသုတများ တိုးပွားလာ ခဲ့ရပါသည်။ တောင်သူများအား ပညာပေးခြင်း၊ တိုးတက်လာနိုင်မည့် လမ်းကြောင်းများ ပြသပေးခြင်းဖြင့် တောင်သူများ၏ ဝင်ငွေအား တိုးတက်လာနိုင်စေမည့် သင်တန်းများအား ထပ်မံပေးစေလိုပါကြောင်း အကြုံပြု တိုက်တွန်းခဲ့ပါသည်။